နက္ခတ်၊ ဗေဒင်၊ လက္ခဏာပညာ အပါအ၀င် ရှေ့ဖြစ်ဟောတဲ့ အတတ်ပညာနဲ့ အသက်မွေးဝမ်း ကျောင်း ဘာပဲဖြစ်ဖြစ်၊ ၀ါသနာအရ ဟောတဲ့ နေရာမှာပဲဖြစ်ဖြစ် ဟောတဲ့သူရဲ့ ကိုယ်ကျင့်သိက္ခာ အပိုင်းနဲ့ ဟောတဲ့သူရဲ့ ပညာပိုင်းရယ်ဆိုပြီး နှစ်ပိုင်းခွဲကြည့်မယ်ဆိုရင် ဘယ်အပိုင်းက အရေး ကြီးတယ်လို့ ထင်ပါသလဲ။
ကိုယ်ကျင့်သိက္ခာဆိုတာ လူတိုင်း အမြဲ ကောင်းအောင် ကျင့်ရမှာပါ။ ဗေဒင်ဟောမှ ကျင့်ရတာ မဟုတ်ပါဘူး။ ဗေဒင်ဆရာတွေ အတွက်ကတော့ ကိုယ်ကျင့်သိက္ခာထက် ပညာ ရပ်ပိုင်းဆိုင်ရာမှာ ပိုပြီးကျွမ်းကျင်ရမှာ ဖြစ်ပါတယ်။ ပညာကို တကယ်မတတ်ဘဲ ကိုယ်ကျင့်သိက္ခာ ကောင်းအောင် ကျင့်ကြံနေရုံနဲ့ ပညာရှင်အစစ် မဖြစ်နိုင်ပါဘူး။
ဘယ်အတတ်ပညာမှာပဲဖြစ်ဖြစ် အတတ် ပညာတစ်ခုကို တကယ်နက်နက်ရှိုင်းရှိုင်း နားလည်သွားပြီဆိုရင် သူ့ရဲ့အကျင့်၊ သီလ၊ သိက္ခာတွေကို သူ့ဖာသာသူ ပြုပြင်သွားတာ ချည်းပါပဲ။
ကနေ့ ဗေဒင်ဆရာများများရဲ့ အလုပ်ခန်း မှာ ကန်တော့ပွဲကြီးတွေ ဟီးနေတာတို့၊ ဘုရားခန်း မှာ ရုပ်ပွားတော်တွေ၊ နတ်ရုပ်တွေ စင်ပြည့် တင်ထားတာတို့၊ ဘိုးတော်မယ်တော် ပုံတွေ လည်ပင်းမှာ စိတ်ပုတီးကြီး လွယ်ပြထားတာ တို့ဟာ သူတို့လုပ်နိုင်တဲ့ စရဏထက် ပိုကြွား နေတယ်ဆိုတာ ကျွန်တော် ပြတ်ပြတ်သားသား ပြောရဲပါတယ်။ ပညာရပ်မှန်ကို အမှန်တကယ် မသိဘဲ မှီရာကို လှမ်းအားကိုးနေရရှာတာ ဖြစ်ပါ တယ်။ ဒီလူတွေဟာ ပညာရှင်မဟုတ်ပါဘူး။ ၀င်ကစွပ်ကောင်တွေပဲ ဖြစ်ပါတယ်။
ဗေဒင်ပညာဟာ ရာနှုန်းပြည့်မှန်တယ်လို့ ဆရာယုံကြည်ပါသလား။ ဒီလိုရာနှုန်းပြည့် မမှန်နိုင်ဘူးဆိုရင် ဘယ်အတိုင်းအတာအထိ မှန်နိုင်မယ်ဆိုတာ နည်းနည်းရှင်းပြပေးပါ။
ဟာ …. အဝေးကြီး။ ကျွန်တော် ၁၉၆၄ ခုကစပြီး ဗေဒင်ပညာကို လေ့လာခဲ့တာပါ။ ကနေ့အထိလည်း ဖတ်မှတ်နေဆဲပါ။ ကျွန်တော့် ဘိုးစဉ်ဘောင်ဆက် အဆက်ဆက်ကလည်း ဗေဒင်ပညာနဲ့ အသက်မွေးဝမ်းကျောင်းကြတာ ဖြစ်ပါတယ်။ စပြီးလေ့လာတဲ့နေ့ကစပြီး ကနေ့ အထိ ဗေဒင်ပညာကို ရာနှုန်းပြည့် မှန်ကန်မယ်လို့ မယုံကြည်ပါဘူး။ မှန်လည်း မမှန်ပါဘူး။
လောကကြီးမှာ မတော်တဆ ဖြစ်နေတဲ့ ဖြစ်ရပ်တွေ အများကြီးပါ။ လွဲမှားဖြစ်ရပ်တွေ လည်း တစ်ပုံကြီးပါ။ နေရာတိုင်းမှာ ရှိနေတာ မှားစရာရှိရင် ဗေဒင်က အရင်မှားတာ။
ကျွန်တော့်အတွေ့အကြုံအရတော့ ဗေဒင် လာမေးတယ်။ ဟောတယ်၊ မေးသူလည်း ကံကောင်းနေတယ်။ ဟောသူလည်း ကံကောင်း နေရင် မေးသူက ကျေနပ်သွားတယ်။ ဖြစ်ရပ်တွေ တိုက်ဆိုင်လို့ ပျော်သွားတယ်။ သူ့ပြသနာတွေ အတွက် စိတ်သက်သာရာ ရသွားတယ်။ အဲဒါ မေးသူဘက်က ဗေဒင်မှန်တယ်လို့ ပြောမှာပဲ။ ဟောသူဘက်က ဘယ်လောက်ကြိုးစားပမ်းစား လုံးပမ်းသွားပါစေ၊ မေးသူက မကျေနပ်ရင် သူ့ အတွက် မတိုက်ဆိုင်ရင် ဗေဒင်မမှန်ဘူးပဲ။ ကနေ့ ကျွန်တော်တို့တတွေဟာ ဗေဒင်ယုံကြည်သူတွေ မေးသူတွေပေးတဲ့ အောင်မှတ်ပေါ်မှာ ရတဲ့အဖြေ နဲ့ ကျေနပ်နေရတာပါ။
ကျွန်တော့်ရဲ့ မိမိတစ်ယောက်ထဲသဘောနဲ့ ဖြေရရင်တော့ အားလုံးမမှန်နိုင်သလို အားလုံး မမှားနိုင်တာတော့ သေချာတယ်။ အားလုံးသာ တိတိကျကျမှန်နေရင် လူတွေကိုဟောတာထက် အခြားဟောစရာတွေ အများကြီးရှိတယ်။ အားလုံး မှားရင်လည်း ဗေဒင်ပညာ ပျောက်ကွယ်သွားတာ ကြာလှပြီပေါ့။
ဆရာ့အနေနဲ့ ဘယ်အတတ်ပညာနဲ့ ဟော ရတာ အားသန်ပါသလဲဆရာ။ ဘယ်အတတ် ပညာနဲ့ဟောရင် အများဆုံး တိကျမှန်ကန် နိုင်မယ်လို့ ထင်ပါသလဲ။ ရှင်းပြပေးပါ။
ကျွန်တော်ကတော့ နက္ခတ်ဗေဒင် ပညာရပ် အပေါ်မှာ ပိုပြီးအားသန် ပါတယ်။ ဒါပေမယ့် နက္ခတ်ဗေဒင်ပညာရပ်မှာလည်း အားနည်းချက် တွေ ချို့ယွင်းချက်တွေရှိတာပါဘဲ။ ဘယ်နည်း စနစ်နဲ့ပဲဟောဟော၊ ဟောတဲ့သူရဲ့ အတွေ့ အကြုံဟာ သူ့ဆရာပါဘဲ။ အတွေ့ အကြုံများရင် ဟောတာတွေ များများမှန်ပါတယ်။
အတွေ့အကြုံဟာ လုပ်သက်တစ်ခုတည်းနဲ့ မပက်သက်ပါဘူး။ လေ့လာခွင့် သိခွင့်ရတာများဖို့ လိုပါတယ်။ တချို့က လုပ်သက်(၃၀)တို့ (၄၀)တို့ ကြော်ငြာတာတွေ့ဖူးပါတယ်။ လုပ်သက်ဆိုတဲ့ အချိန်သာများသွားတာ ပညာရပ်ရဲ့ မှန်ကန်ချက် ကို ရှာဖွေသွားတာမဟုတ်ဘူး။ အဲဒီတော့ သူမှာ အတွေကအကြုံများတယ်လို့ မပြောနိုင်ဘူး။ ဆန်ကုန်မြေလေး ဘ၀နဲ့နေပြီး အဲဒီဘ၀နဲ့ သေသွားမှာ။ ဘယ်နည်းစနစ်နဲ့ပဲ ဟောဟော မကျွမ်းကျင်ရင် များများမှားမယ်။ ကျွမ်းကျင်ရင် နည်းနည်းပဲမှားမယ်။ ဗေဒင်ပညာကို သိပ္ပံပေတံနဲ့ ချည်း တိုင်းတာလို့ မရပါဘူး။ ၀ိဇ္ဇာပညာနဲ့လည်း ရောနေပါတယ်။
ဒီလိုပြောတဲ့သူဟာ အမှန်တကယ် ကျွမ်းကျင်သူ ဟုတ်မဟုတ် မေးတဲ့သူက ဘယ်အချက်တွေစဉ်းစားပြီးမှ မေးသင့်ပါသလဲ။
အတတ်ပညာအပေါ်မှာ ကျွမ်းကျင်သူ ဟုတ် မဟုတ် သိဖို့ကတော့ တကယ် ခက်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ကျန်တာအားလုံး ပြည့်စုံ ပါတယ်။ စနစ်တကျ သင်ပေးတဲ့ ဗေဒင်ကျောင်း မရှိသေးပါဘူး။ ဗေဒင်ဆရာဘွဲ့ ဒီဂရီပေးတဲ့ တက္ကသိုလ် ၊ ကောလိပ်မရှိပါဘူး။ ရှိခဲ့ရင်တော့ ဗေဒင်ဆရာဟာ သူပြောတဲ့အတတ်ပညာကို ကျောင်းမှာ တီးခေါက်မိတယ်လို့ ပြောလို့ရပါမယ်။
ကံကို ယုံပြီး ဆူးပုံတက်နင်းခြင်းဟာ ဗေဒင်မေးခြင်းပါဘဲ။ မေးသူကံကောင်းရင်တော့ ပညာတကယ်တတ်တဲ့ဆရာကောင်းနဲ့တွေ့တတ်ပါတယ်။(အဲဒီဆရာလည်းဗေဒင်ဟောတိုင်း မှန်မယ် မထင်ပါနဲ့။ ဗေဒင်ပညာဟာ နည်းနည်း မှားမှ ပိုမှန်မယ့် သဘောရှိလို့ပါ။) ပညာရပ်အပေါ် သစ္စာရှိတဲ့ ဆရာကို လေ့လာရမှာပါ။
အလိမ်ပညာဗေဒင်ဆရာတွေကိုဘယ်လို နည်းနဲ့ ဖေါ်ထုတ်လို့ ရနိုင်မှာလဲဆရာ။
အလိမ်ပညာဗေဒင်ဆရာတွေကို အလွယ် ဆုံးဖေါ်ထုတ်တဲ့ နည်းကတော့ သူတို့ကို ဗေဒင်မမေးဘဲ `ပ´ ထားတာနဲ့ လုံလောက် ပါ တယ်။ လိမ်တဲ့နေရာမှာ ဗေဒင်ဆရာရယ်လို့ မဟုတ်ပါဘူး။ သူအလွှာလေးနဲ့သူ လိမ်ကြတာ ပါဘဲ။ ဗေဒင်ဆရာက `အ´တဲ့သူကို လိမ်တာ မဟုတ်ဘူး။ ယုံတဲ့သူကို လိမ်တာ။ ယုံကြည် အားကိုးခြင်းကို အခြေခံပြီးလိမ်တဲ့ အတွက် တခြားလိမ်တဲ့သူတွေထက်ပိုပြီး အကုသိုလ်များ ပါတယ်။
တချို့နေရာမှာ ဗေဒင်ဆရာကိုယ်တိုင် နည်းနည်းပါးပါး လိမ်ပေးရပါတယ်။ အဲဒါလည်း အကုသိုလ်မဖြစ်တဲ့ လိမ်နည်းပါ။ သေခါနည်း လူမမာတစ်ယောက် ကံမှာလည်း သေနိုင်တယ်။ ဗေဒင်ဆရာက စိတ်မပူနဲ့ ဟောဒီယတြာချေ ဆိုတာ လိမ်တာဖြစ်ပေမယ့် စိတ်ဓါတ်ကို တင်ပေး တာသာဖြစ်လို့ ငရဲလွတ်လိမ်နည်းပါ။ စာမေးပွဲ ကြောက်တဲ့ ကလေးတစ်ယောက်ကို မင်း ဘွဲ့ရမှာ ပါကွာ။ မင်းကြိုးစားရင် အောင်ကိုအောင်မယ်လို့ နည်းနည်းပိုပြောလိုက်တယ်။ ဟိုကလေးကတကယ်မှတ်ပြီး ကြိုးစားတယ်။ ကံညံ့ နေတယ်။ ၀ိရိယနဲ့ ဉာဏ်ကြောင့် အောင် သွားတယ်။ ဒီလိုလိမ်တာမျိုးတွေတော့ ဗေဒင် ဆရာဘ၀မှာ လုပ်လို့ မရပါဘူး။ လုပ်ကို လုပ်ရပါမယ်။ (မလိုအပ်ပဲ လိမ်တာကတော့ သူ့တရား သူစီရင်သွားပါလိမ့်မယ်။)
မေးတဲ့သူက ဆရာလိမ်ညာနေတာဆိုတာကို ဘယ်လိုကာကွယ်ရမလဲဆရာ။
ဘယ်လိုမှလုပ်လို့မရပါဘူး။ ဗေဒင်မေးသူ ဟာ ကံကောင်းမှ ဆရာကောင်းနဲ့တွေ့ခွင့်ရမှာပါ။ ကနေ့အထိတော့ ဗေဒင်မေးသူတွေဘက်က ကံဆိုးနေတုန်းပါဘဲ ဗေဒင်တွေထဲက ၁၀%နှုန်း လောက်ပဲ ပညာရှင် ဖြစ်ခွင့်ရတာပါ။ ကျန် ၉၀% က ဗေဒင်ဈေးသည်တွေချည်းပါဘဲ။ အဲဒီထဲ ကျွန်တော်လည်းပါတယ်။ ကိုယ့်လိပ်ပြာ၊ ကိုယ် သိက္ခာကို ရိက္ခာနဲ့ လဲနေရသူတွေဖြစ်တော့ မေးသူရဲ့အကျိုးစီးပွားကို မထိခိုက်ဘူးဆိုရင် မေတ္တာရှေ့ထားပြီး ခွင့်သာလွှတ်ပါတော့ဗျာ။
ဟောတဲ့သူက အမှန်တကယ်ကျွမ်းကျင်သူ ဟုတ် မဟုတ် ဘယ်လို အချက်တွေ စဉ်းစားပြီးမှ မေးသင့်ပါသလဲ။
ခက်နေပြီ။ ဟောသူကတကယ် ကျွမ်းကျင်မှု ရှိ/မရှိသိဖို့ကမေးသူ ကိုယ်တိုင် ဗေဒင်တတ် ကျွမ်းဖို့လိုတယ်နော်။ မေးသူဗေဒင်တတ်ရင်လည်း ဗေဒင်ဆရာဆီ ဘယ်ဗေဒင်မေးပါ့မလဲ။
ဗေဒင်ဟောနည်းကအမျိုး(၂၀)လောက်ရှိ တော့ ဟောသူကလည်း အမျိုး(၂၀)စလုံးတတ်ဖို့ မကျွမ်းကျင်ပါဘူး။ ကျွန်တော်တို့က ဟောတဲ့ လူဟာ ဘယ်နည်းစနစ်နဲ့ ရိုးသားစွာ ဟောသလဲ ကြည့်၊ အဲဒီနည်းစနစ်နဲ့ ရိုးသားစွာဟောတယ် ဆိုတယ်ရင်တော့ ဒီလူကို လူတော်လို့ ပြောနိုင် ပါတယ်။
ဗေဒင်ပညာကို လိမ်တဲ့ပညာလို့ ပြောကြ ရေးကြတာ မကြာခဏ ကြားသိဖတ်ရပါတယ်။ အဲဒါ ဆရာဘယ်လို ယူဆပါသလဲ။
ပြောတဲ့သူကို ကျွန်တော်သနားတာပါ။
ဗေဒင်ဆရာတစ်ယောက်ပဲ လိမ်တတ်တာ မဟုတ်ပါဘူး။ ပြောတဲ့ ရေးတဲ့သူကိုယ်တိုင်ရော သူအကြောင်းနဲ့သူ မလိမ်ဖူးပါဘူးလို့ ပြောရဲ လို့ လား။ ကလေးတွေပြောသလို ဘုရားစူး၊ မိုးကြိုး ပွတ်တော့ မကြိမ်ခိုင်းရဲပါဘူး။ ခင်ဗျားတို့ ကျွန်တော်တို့ပါ စက်ကွင်းလွတ်မှာ မဟုတ်ဘူး။
ခပ်လွယ်လွယ်နဲ့ ဗေဒင်ဆရာဖြစ်လို့ရသလား။
ရှိပါကောဗျာ။ ပါးစပ်က ထင်ရာမြင်ရာ ပြောနေတဲ့ အကြားအမြင်ဆရာတွေ၊ နတ် ကတော်တွေ၊ လိမ်နေတဲ့ ဘိုးတော်တွေ၊ ဓါတ်စီး ဓါတ်နင်းတွေ ပါးစပ်က ထွက်နေတဲ့ ဟောကိန်း တွေဟာ အလွယ်ဆုံးတွေပဲပေါ့ဗျာ။ လိမ်နေ ကြတာကိုး။
ပြီးတော့ ရပ်ကွက်တွေထဲမှာ ရှိပါတယ်။ ဟိုစာအုပ်လေးဖတ်လိုက်၊ ဒီဆရာပြောတာ နားထောင်လိုက်၊ ဒီ …. ပြောတာမှတ်ပြီး ဆရာ လုပ်နေကြတဲ့ ဆေးမြီးတို ဗေဒင်ဆရာတွေလည်း ပေါမှပေါ။ အဲဒီဆရာတွေကလည်း တော်တော် ဒုက္ခပေးတယ်။ သူတို့နှုတ်ထွက် မုခဒီပနီ တွေထဲ ကလည်း နောင်လာနောက်သားကို ဒုက္ခပေးတာ ချည်းပါပဲ။
တောပြော တောင်ပြော ဆရာတွေကြောင့်  ဗေဒင်ပညာဟာ အောက်တန်းကျနေရတာပါ။ ဘိုးတော်တု၊ မယ်တော်တု၊ အကြားအမြင်တု၊ နတ်ကတော်တုတွေနဲ့ အတတ်ပညာရှင် အစစ် တွေနဲ့ ခွဲခြားပြီး မသိသရွေ့တော့ ဗေဒင်မေးသူ ဟာ အလိမ်ခံနေရမှာပါပဲ။
ဆရာဘက်က ဗေဒင်ပညာကို တိုးတက်ရေး အတွက် ဘာတွေများ အကြံပြုလိုပါသလဲ။
ဗေဒင်ပညာဟာ တိုးတက်ပြီးသားပါ။ ဗေဒင်ဆရာရဲ့ စိတ်ဓာတ်တွေကို တိုးတက် စေချင်တာ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ဗေဒင်ပညာအဆင့်အတန်းဟာ အရှေ့တောင် အာရှမှာ အဆင့်အတန်းမြင့်မားစွာ ရပ်တည်လို့ ရတယ်။ ကိုယ်သိတဲ့ ကိုယ့်မှာရှိတဲ့ အတတ်ပညာ ကို အိုးမဲမသုတ်စေချင်ပါဘူး။
ဗေဒင်မေးသူရဲ့ အလိုလိုက်မှုကြောင့် ဗေဒင်ဆရာတွေ လိမ်တတ်တယ်လို့ ပြောရင် ခင်ဗျားတို့ ကျွန်တော့်ကို စိတ်ဆိုးကြမှာပါ။ ဥစ္စာ လွယ် သူကြွယ်သူခိုးဖြစ်တဲ့ စကားပုံလိုပါပဲ။
ကျွန်တော် ဗေဒင်ကျမ်းပေါင်း လေးဆယ် ပုဒ်နီးပါး ရေးသားထုတ်ဝေပြီးပါပြီ။ အာရှဗေဒင် ဆရာများအဖွဲ့မှာလည်း ရာသက်ပန် ပညာရှင် ဖြစ်ခွင့်ရပါတယ်။ အိန္ဒိယကာလကတ္တား တက္က သိုလ်အောက်မှာရှိတဲ့ ဗေဒင်သုတေသန အဖွဲ့မှာ လည်း ရာသက်ပန် အဖွဲ့ဝင်ဖြစ်ပါတယ်။ မင်း ဗေဒင် တတ်သလားဆိုရင် ဟောပဲဟောနိုင် တယ်။ မှန်တာ မမှန်တာပေါ်မှာ တာဝန်ခံလို့မရ ဘူး။
၂၀၀၀ ခုနှစ်၊ မေလ (၃)ရက်နေ့ထုတ်
အတွဲ(၁)၊ အမှတ် (၂၂)
အင်တာဗျူးဂျာနယ်မှ
No Response to "ဗေဒင်မှန်ကန်မှု = ဗေဒင်မေးပရိသတ် စိတ်ကျေနပ်မှု"
Add Your Comment