၁။ အားလုံးကောင်းတယ်ဆိုတာကိုယ်ကောင်းမှဖြစ်တာပါ။ ၂။ ကိုယ့်လုပ်ရပ်ကို သူများအားကျအောင် လုပ်နိုင်ဖို့ လိုတယ်။ ၃။ ကျုပ်သေသွားရင်ကျုပ်ဘာတွေ လုပ်ခဲ့သလဲဆိုတာ ကျုပ်ရဲ့စာအုပ်တွေက ခင်ဗျားတို့ကိုပြောပြပါလိမ့်မယ်။ ၄။ သိထားတဲ့အခါမှာကျေနပ်နေရင် သိထားတာနဲ့ပဲ ကိစ္စပြီးသွားလိမ့်မယ်။ ၅။ နည်းနည်းလေးမှားတာကို ခွှင့်လွှတ်ခဲ့ရင် မဟာအမှား ကြီးဖြစ်သွားလိမ့်မယ်ဆိုတာ ကြပ်ကြပ်သတိထား။ ၆။ ဘာပဲကုန်သွား ကုန်သွား၊ ကျုပ်ဆီမှာ အမြဲရှိနေတာက မျှော်လင့်ချက်ပဲ။ ၇။ မြင့်မြတ်ချင်ရင်မြင့်မြတ်တဲ့အလုပ်ကိုလုပ်ရပါမယ်။ ၈။ လုပ်မယ်လို့စိတ်ကူးရဲရင်အဲဒီ့အလုပ်ဟာအောင်မြင်ဖို့ သေချာသွားပြီလို့ ကျုပ်ယုံကြည်တယ်။ ၉။ မောပြီဆိုပြီး သွားမရပ်လိုက်နဲ့။ ပိုပြီးမောသွားလိမ့်မယ်။ ဆက်သာလုပ်။ အောင်မြင်တဲ့အခါ သူ့ဘာသာသူ အမောပြေသွားလိမ့်မယ်။ ၁၀။ တန်ဖိုးဆိုတာ သိတဲ့လူအပေါ်မှာပဲ တည်တယ်။ မသိတဲ့ လူတွေအတွက် ဘာမှတန်ဖိုးမရှိဘူး။ ၁၁။ မုန်းတဲ့လူကမချစ်တာထက်၊ ချစ်တဲ့သူတွေက မမုန်းဖို့ ကျုပ်မှာတာဝန်ရှိတယ်။ ၁၂။ အခွင့်အရေးရယ်၊ အချိန်အခါရယ်၊ ပံ့ပိုးမှုရယ်၊ စိတ်ဆန္ဒရယ်မပါဘဲ ဘယ်အလုပ်မှ မအောင်မြင်ဘူး။ ၁၃။ ပြီးပြီးရောလုပ်ခဲ့တဲအလုပ်တွေအားလုံးဟာနောင်လာနောက်သားတွေကိုချောက်တွန်းခဲ့တာပဲဖြစ်တယ်။ ၁၄။ လုပ်ပြီဆိုကတည်းက သမိုင်းတင်ချင်လို့ပဲ။ ၁၅။ မြင့်မြင့်ပျံရင်တော့ များများမောမှာပဲ။ များများမောမှလည်း မြန်မြန်ရောက်မယ်။ ၁၆။ ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာရိုးသားစွာ လိပ်ပြာသန့်နေရင် ဘယ်သူ့ကိုမှ မှုစရာမလိုဘူး။ ၁၇။ မကောင်းဘူးလို့တစ်သံတည်းမထွက်သရွေ့ ကိုယ်လုပ်တဲ့အလုပ်ဟာ ကောင်းနေတယ်လို့ ကျုပ်ယူဆထားတယ်။ ၁၈။ လုပ်ချင်သလောက် မလုပ်နိုင်သေးရင် လုပ်နိုင်သလောက် လုပ်ထားမှာပဲ။ ၁၉။ ရန်သူတစ်ယောက်ထက်၊ ပတ်ချာလည်ဝိုင်းနေတဲ့မိတ်ဆွေတုတွေကို ကျုပ်ကပိုကြောက်တယ်။ ၂၀။ လုပ်ကြည့်လို့မှားသွားရင် ၀မ်းသာပေတော့။ ၂၁။ နှိုက်သလောက်ရတာ ပညာပါပဲ။ ၂၂။ ဘယ်ကိစ္စကိုမဆို ပီပီပြင်ပြင် မတီထွင်နိုင်ရင် ရယ်ချင်စရာဖြစ်သွားမှာ။ ၂၃။ သူများလုပ်ပြတာတွေကို အားရစရာမလိုဘူး။ အားကျဖို့ပဲလိုတယ်။ ကိုယ်တိုင်လုပ်နိုင်ဖို့လိုတယ်။ ၂၄။ လုပ်ခဲ့တာတွေအပေါ်မှာ ယစ်မူးမနေဘူး။လုပ်ချင်တာတွေအပေါ်မှာ စိတ်ကူးမယဉ်ဘူး။ လုပ်နေတာတွေအပေါ်မှာဘဲ ကျေနပ်တယ်။ ၂၅။ တစ်လောကလုံးမှာ လုံခြုံတဲ့နေရာဟာ စိတ်ထဲမှာပဲရှိတယ်။ ၂၆။ ကိုယ်ဘာလုပ်နေသလဲဆိုတာ သူများသိဖို့မလိုဘူး။ ကိုယ်သိဖို့ပဲလိုတယ်။ ၂၇။ မျက်စိကန်းတာအရေးမကြီးဘူး၊ စိတ်ဓါတ်မကန်း ဖို့အရေးကြီးတယ်။ ၂၈။ လက်ခုပ်တီးတိုင်း ကိုယ့်ကိုအားပေးတယ်မထင် နဲ့၊ ကိုယ့်ကိုတောထုတ်တာလဲဖြစ်နိုင်တယ်။ ၂၉။ ပညာလိုချင်ရင် မာနထား၊ ပညာပေးချင်ရင် မာနချ၊ ဒါမှပညာရှင်ဖြစ်တယ်။ ၃၀။ ၀ိုင်းမြှောက်တိုင်း မြှောက်သွားရင် ပေါက်သွားမှာ လဲ သတိထားဦး။ ၃၁။ ကြိုက်နေတယ် ဆိုတာ အားလုံးကောင်းနေလို့ ဆိုပြီးမထင်နဲ့။ သူ့အတွက် ကြိုက်တာလား၊ ကိုယ့်အတွက် ကြိုက်တာလား၊ စဉ်းစားကြည့်။ ၃၂။ ကိုက်မယ့်အလုပ်ထက် ကြိုက်တဲ့အလုပ်ကိုလုပ် ရတာ ကျုပ်ပိုပျော်တယ်။ ၃၃။ လုပ်နိုင်သလောက်ကိုပဲပြော၊ ပြောသလောက်မ လုပ်နိုင်ရင် ကွယ်ရာမှာ ရယ်စရာဖြစ်နေမယ်။ ၃၄။ လမ်းမြင်တာနဲ့ ပန်းဝင်ပြီလို့မထင်နဲ့၊ အဝေးကြီး လိုသေးတယ်။ဆက်သာပြေး၊ အချိန်တန်ရောက် သွားလိမ့်မယ်။ ၃၅။ ငွေတစ်မတ်နဲ့ ငါးကြင်းခေါင်းကို လိုချင်လို့မရပါ။ တန်ဖိုးကြီးကြီးပေးခဲ့မှ တန်ဖိုးရှိတာတွေ အားလုံး ရမယ်လို့ ကျုပ်ခံယူတယ်။ ၃၆။ ထီးလိုနေမလား၊ ဘိနပ်လိုနေမလား၊ လွယ်အိတ် လိုလိုက်မလား၊ ကိုယ့်အခြေအနေကို ပြတ်ပြတ် သားသား ဆုံးဖြတ်နိုင်ဖို့လိုတယ်။ ၃၇။ လမ်းသစ်ထွင်ရင် ဆူးနင်းမိမှာဘဲ။ ဆူးကြောက် ပြီးဒူးထောက်မိခဲ့ရင်မူးနောက်ပြီးလဲသွားလိမ့်မယ် ၃၈။ စိတ်မကုန်မချင်းလုပ်လို့ ကောင်းနေတဲ့ အလုပ် တွေဟာ စိတ်ကုန်သွားတာနဲ့ရပ်သွားမှာပဲ။ ၃၉။ အရိုးစူးတယ်ဆိုတာငါးစားလို့။ အမှားများတယ် ဆိုတာအလုပ်လုပ်လို့။ အဲဒါဘာဖြစ်သလဲ။ မှားစမ်းပါစေ။ ၄၀။ တမာရွက်ခါးတာ၊ သကြားချိုတာ၊ ငရုတ်သီး စပ်တာ၊ ရှောက်သီးချဉ်တာ သူတို့အလုပ် သူတို့လုပ်တာမို့ ကျုပ်ဂုဏ်ယူပါတယ်။ ၄၁။ အချိန်ကိုကိုယ်ကစောင့်ရတာ၊ အချိန်ကကိုယ့်ကို ဘယ်တော့မှမစောင့်ဘူး၊ အဲဒါသိပ်မတရားဘူး။ ၄၂။ ကကြီးကို ပက်လက်လှန်မကြည့်နဲ့၊ ကပက်လက် တော့ဖြစ်မှာမဟုတ်ဘူး၊ ယပလက်ပဲဖြစ်သွားမှာ။ ၄၃။ ပညာတော်တယ်ဆိုတာ ပညာရှာတော်တော့လို့ ပြောတာမဟုတ်ဘူး။ ဆက်ကြိုးစားဖို့ သတိပေး နေတာ။ ၄၄။ စိန်ခေါ်တယ်ဆိုတာ အနိုင်ရရေးအတွက်မဟုတ်ဘူး၊ အရှုံးမပေးဘူးဆိုတာသိဖို့အတွက်ပဲ။ ၄၅။ စာသာကောင်းပါစေ၊ ဘာလာတောင်းစရာရှိပါ့မလဲ၊ အားလုံးပြည့်စုံနေလိမ့်မယ်။ ၄၆။ ကျုပ်ရေးတဲ့စာဟာကျုပ်ဖတ်ဖို့မဟုတ်ဘူး။အားလုံးဖတ်ဖို့။ အားလုံးနဲ့တန်အောင် ကြိုးစားရမယ်။ ၄၇။ ညာစရာရှိလို့ပြင်တာကို ပညာရှိလို့ခေါ်တယ်တဲ့။ ဟုတ်လဲဟုတ်ပဲနဲ့။ ၄၈။ နောက်ဆုံးစက္ကန့်အထိပညာရပ်အပေါ်မှာရပ်တည်နိုင်ခြင်းဟာယောကျာ်းကောင်းရဲ့စိတ်ဓါတ်ပါပဲ။ ၄၉။ ပညာရပ်တစ်ခုကိုမမှန်ဘူးဆိုတာ သိနေရဲ့သားနဲ့ မှန်ပါတယ်လို့ လက်ခံနေရတာလောက် ခံပြင်းစရာကောင်းတာမရှိဘူး။ ၅၀။ ဂုဏ်ရှိအောင် ကြိုးစားတာထက် ရှိတဲ့ဂုဏ်ကို ထိန်းသိမ်းရတာ ပိုခက်တယ်။ ၅၁။ သူများလုပ်လို့ဖြစ်တာကို ၀မ်းသာနိုင်တဲ့လူဟာ သူတော်ကောင်းဖြစ်တယ်။ ၅၂။ တန်ဖိုးဆိုတာပေးတဲ့လူအပေါ်မူတည်တတ်တယ်။ ၅၃။ အောင်မြင်မှုရဲ့အောက်ကို ငုံ့ကြည့်ပါ။ ဆူးညှောင့် ခလုတ်တွေ ရှိနေပါတယ်။ အသီးစားချင်ရင်တော့ သစ်ပင် စိုက်ရမှာပဲ။ ဒါမှ ထိုက်ထိုက်တန်တန် စားရမှာပေါ့။ ၅၄။ ယုံကြည်တယ်ဆိုတာတစ်ယောက်ကတစ်ယောက်ကိုယုံရင်ကြည်တာပဲ။မယုံရင်မကြည်ဘူး။ ဟုတ်တယ်မဟုတ်လား။ ၅၅။ ခေါင်းမာတာကို အထင်မကြီးဘူး။ စိတ်ဓါတ်ခိုင်မာတာကိုပဲ ကျုပ်ကလေးစားတာ။ ၅၆။ လုပ်ပြနိုင်တာအားလုံးဟာ သတ္တိတွေဖြစ်တယ်။ ၅၇။ စိတ်ကူးတွေဟာပန်းတိုင်ရောက်ဖို့ပထမခြေလှမ်းဖြစ်တယ်။ ၅၈။ ပညာဆိုတာ သိတဲ့သူတွေအတွက်သာ အသုံးကျတာ။ မသိတဲ့သူတွေအတွက် ဘာမှအသုံးမကျဘူး။ ၅၉။ ကိုယ့်ဘာသာကိုယ် ဘာလုပ်နေသလဲဆိုတာ မှန်မှန်ကန်ကန်သိရင် လူတော်ဖြစ်ပြီ။ ၆၀။ သိနေတဲ့ပညာကို မလိုချင်ဘူး၊ ရှိတဲ့ပညာကိုပဲလိုချင်တယ်။ ဒါမှအသုံးကျတာ။ ၆၁။ မနာလိုမဖြစ်နဲ့၊ လုပ်တဲ့လူဟာနေရာရမှာပဲ။ ၆၂။ အသက်ရှင်ပြီး အသိသေနေတဲ့သူမဖြစ်ရအောင် ကြိုးစားတာဟာ ကျုပ်ရဲ့အလုပ်ပဲ။ ၆၃။ မလုပ်နိုင်ဘဲ ပြောနေတာထက်၊ လုပ်ပြီးမပြောတဲ့သူကို ကျုပ်လေးစားတယ်။ ၆၄။ ဆရာမတူတာနဲ့၊ အတွေးမတူတာနဲ့၊ အပြစ်ရှာတတ်တဲ့ပညာရှိဟာ ပညာမဲ့တဲ့သူသာဖြစ်တယ်။ ၆၅။ နောက်မပင်ပန်းချင်ရင် အခုပင်ပန်းတဲ့အလုပ်တွေကို လုပ်ပါ။ ၆၆။ ပညာမှာအရှုံးမရှိဘူး၊ဆက်မလုပ်ရင်သာကိုယ်ကရှုံးတာ။ ၆၇။ ဦးနှောက်က သိလို့မရဘူး၊ နှလုံးသားကသိမှ သိတယ်လို့ခေါ်တာ။ ၆၈။ ပညာဆိုတာ အရိပ်လိုပဲ၊ ခင်ဗျားသွားရင် သူကလိုက်မယ်။ ခင်ဗျားရပ်ရင် သူကရပ်တယ်။ ၆၉။ မနိုင်မယ့်အလုပ်ကို အရင်စမလုပ်နဲ့။ လုပ်နိုင်တဲ့အလုပ်ကိုပဲစပြီးလုပ်။မနိုင်မယ့်အလုပ်ကိုဆက်လုပ်နိုင်လိမ့်မယ်။ ၇၀။ အပြောလွယ်ပေမယ့် အလွယ်မပြောပါနဲ့။ ၇၁။ ကျုပ်သေသွားခဲ့ရင် ကျုပ်ဝိဥာဉ်လေးဟာ ဗေဒင်ပညာနဲ့အတူ ခင်ဗျားဆီ ရောက်လာပါလိမ့်မယ်။

0 comments

သဘာဝဘေးကတော့ရှိတယ်။ ကိုယ်နဲ့ဆိုင်မှ ကိုယ်ထိတာပါ

Published on Friday, December 21, 2012 in



အာရှတိုက်သည် ဗေဒင်အပါအ၀င် လက္ခ ဏာပညာရပ်များကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံ ယုံကြည်သော လူ့အဖွဲ့အစည်းတို့ တည်ရှိရာ ဒေသဖြစ်သည်။ ထို့အတူ သဘာဝတရားကြောင့် ဖြစ်ပေါ်ပြောင်းလဲသည့် သဘာဝ ဘေးအန္တရာယ် များအပေါ်တွင်လည်း အတိတ်နိမိတ်ကောက်၊ ကြိုတင်ခန့်မှန်းမှုများလည်း ရှိကြသည်။ သို့သော် ဗေဒင်ပညာနှင့် သဘာဝဘေးအန္တရာယ် ခန့်မှန်း၍ မရ၊ နေကြတ်၊ လကြတ်များနှင့် သဘာဝ ဘေး အန္တရာယ်တို့ ဆက်စပ်မှုမရှိ၊ မရှိ စသော မေးခွန်း နှင့် ဆွေးနွေးငြင်းခုံမှုများကတော့ မြန်မာ့ လူ့အဖွဲ့ စည်းတွင် ကြားနေရသည်။ ထိုငြင်းခုံမှု၊ ဆွေးနွေးမှု တို့နှင့် ပတ်သက်၍ နာမည်ကျော် နက္ခတ္တပညာရှင် ဒေါက်တာဒဂုန်နှင့် တွေ့ဆုံမေးမြန်း ထားသည် များကို စာဖတ်သူများ ဝေဖန်ပိုင်းခြားနိုင်ရန် အလို့ငှာ ဖော်ပြအပ်ပါသည်။

Voice : ဂြိုဟ်ပူးခြင်း၊ နက္ခတ်ပူးခြင်းတွေနဲ့ သဘာဝဘေးအန္တရာယ် ဆက်စပ်မှု ရှိပါသလား။

UDG : ဗေဒင်ပညာမှာ အခက်ဆုံးက သန္ဒိဌ လို့ခေါ်တယ်။ ဒါက လူကိုဟောတာ မဟုတ်ဘူး။ သဘာဝကို ဟောတာ။ သဘာဝဘေးဒဏ်က မမြင်နိုင်ဘူး။ စဉ်းစားရတာလည်း ခက်တယ်။ ဂြိုဟ်တွေက သူ့ဘာသာသူ သွားနေတာ။ ဂြိုဟ်ပူးတာ၊ ယှဉ်တာတွေက ရာသီ၊ ဘာဝမှာ ဆက်စက်မှု ရှိတယ်။ သာယနပြက္ခဒိန်အရ ဂြိုဟ် ပူးတာ သဘာဝဘေးအန္တရာယ် ဖြစ်တတ်တယ်။ ဖြစ်ချင်မှလည်းဖြစ်မယ်။ ပေါက်ဖော်ဖြစ်နေတာ။ အတိအကျ ပြောနိုင်တာ ဘယ်သူရှိလဲ။ ပြီးမှ ဒီကိန်းကြောင့် ဖြစ်တာပါလို့ ပြောနိုင်တာ။ သဘာဝဘေးအန္တရာယ်က နှစ်စဉ်ဖြစ်နေတာ။ တစ်နှစ်ကို နာမည်ကြီး ငလျင်တစ်ကြိမ်၊ နှစ်ကြိမ် လှုပ်နေကြပဲ။ မြန်မာနိုင်ငံမှာ မလှုပ်လည်း တခြားနိုင်ငံမှာ လှုပ်နေတာ။ ဂြိုဟ်ပူးတာ တစ်ကမ္ဘာလုံး မြင်နေရတာပါ။ သဘာဝဘေး ကတော့ ရှိတယ်။  ကိုယ်နဲ့ဆိုင်မှ ထိတာပါ။ ကံကြမ္မာက ကပြောင်းကပြန်ဖြစ်တဲ့အချိန် မျှော်လင့်တာတွေ ပျက်ပြီး သဘာဝတွေက ဒုက္ခပေးတယ်။ သဘာဝဘေးအန္တရာယ်က ဂြိုဟ်တွေနဲ့ ပတ်သက်တယ်။ ဒါပေမဲ့ ဂြိုဟ်ကြောင့် ဖြစ်တာမဟုတ်ဘူး။ ဂြိုဟ်တွေရဲ့ သဘာဝက တစ်လုံးတည်း အလုပ်မလုပ်ဘူး။ တစ်လုံးနဲ့ တစ်လုံး Combination ဆက်သွယ်မှု ရှိနေတယ်။ ဖြစ်ရပ်တွေ အားလုံးဖြစ်နေချိန်၊ ဖြစ်ပြီးချိန်မှာ ဂြိုဟ်တွေ ပြနေတယ်။ ဒါပေမဲ့ ဂြိုဟ်ပြတိုင်းလည်း မဖြစ်ဘူး။

Voice : ဂြိုဟ်နဲ့ နက္ခတ်က တစ်နှစ်ကို အကြိမ်တစ်ရာလောက် ပူးတယ်ဆိုတော့ အကျိုးသက်ရောက်မှုကို ပြောပြပေးပါ။

UDG : တစ်နှစ်ကို အကြိမ်တစ်ရာပူးတယ်ဆိုတာ ဥပမာ - တနင်္လာဂြိုဟ် (လ)ဆို ကမ္ဘာကိ တစ်နှစ် ကို တစ်ပတ်နှုန်း လှည့်ပတ်နေတာ။ အဲဒီတော့ တနင်္လာက အားလုံးကို လိုက်ပူးနေတော့တာ။ ဂြိုဟ်ပူးတိုင်း ဘာမှမဖြစ်ဘူး။ အဲ … ဖြစ်ပြီးလို့ ရှာရင်တော့ ဂြိုဟ်ပူးတာတွေ့ရမယ်ပေါ့။ အသေ ပြောလို့မရပါဘူး။ ဂြိုဟ်ကတော့ ပူးနေတာပဲ။

Voice : သဘာဝဘေးအန္တရာယ်ကို ဗေဒင်နဲ့ ဆက်စပ်တွက်ချက်မှု ရှိပါသလား။

UDG : သဘာဝဘေးအန္တရာယ်ကို ဗေဒင်နဲ့ ဆက်စပ်တွက်ချက်လို့ရတယ်။ မှားတာ၊ မှန်တာတော့ မသိပါ။

Voice : နေကြတ်တာနဲ့ ငလျင်လှုပ်တာ ဆက်စပ်ပါသလား။ ဘာကြောင့် နေကြတ်ရင်၊ ဂြိုဟ်ပူးရင် ငလျင်လှုပ်တယ် ပြောကြပါသလဲ။

UDG : လုံးဝမဆက်စပ်ပါဘူး။ ငလျင်က ငလျင်၊ နေကြတ်တာက နေကြတ်တာပါ။ ငလျင်လှုပ်တာ လည်းမဟုတ်ပါဘူး။ နေကြတ်တိုင်း ငလျင်မဖြစ်ပါ ဘူး။

Voice : ဂြိုလ်သွားလမ်းကြောင်းနဲ့ နက္ခတ်လမ်း ကြောင်းတွေက သဘာဝဘေးအန္တရာယ်ကို ကြိုတင်တွက်ချက်ရာမှာ အထောက်အကူပြုတယ် လို့ ယူဆပါသလား။

UDG : အထောက်အကူပြုပါတယ်။ ဖြစ်ခြင်း၊ မဖြစ်ခြင်းမဟုတ်ပါဘူး။ တွက်ချက်လို့ရတယ်၊ ထွက်တဲ့အဖြေကတော့ ရှိတယ်။ ဖြစ်ချင်မှဖြစ်တာ ပါ။ တောင်ပြိုတာ၊ မီးတောင်ပေါက်တာ စတဲ့သဘာဘေးအန္တရာယ် အားလုံးက လူတွေရဲ့ ကံကြမ္မာပါ။ သေမယ့်အချိန်၊ သေရမယ့် အကြောင်းအရာမရှိဘဲ သေမယ့်အချိန် ရောက်မ နေဘူး၊ သေရမယ့်နေရာကို မသွားဘူး။

Voice : ဂျာနယ်အတော်များများမှာ နေကြတ်ရင် ငလျင်လှုပ်မယ်လို့ ဗေဒင်တွေက ပြောနေကြတာ ဘာကို အခြေခံပြီး ပြောတာပါလဲ

UDG : နေကြတ်တာဟာ နေကြတ်တာပဲ။ ငလျင် လှုပ်တာ နဲ့ မဆိုင်ဘူး။  တစ်ရာမှ တစ်ခု  
  မှန်တာပါ။ နေပဲကြတ်ကြတ်၊ လပဲကြတ်ကြတ် သဘာဝအတိုင်း ဖြစ်တာပါ။ ရေကြီးတာ၊  မီးလောင်တာ၊ မုတ်တိုင်း တိုက်တာတွေ ပြိုကျပျက်စီးတာတွေက လူတွေရဲ့ ကံကြမ္မာပါပဲ။

Voice : မီဒီယာတွေကတစ်ဆင့် လူတွေက နက္ခတ်တွေကို ပိုစိတ်ဝင်စားလာကြတဲ့အပေါ် ဆရာ့ အမြင်ကို သိပါရစေ။

UDG : ၂၀၀၈ ခုနှစ်က ဗေဒင်ဆရာတွေ စန်းပွင့်တဲ့နှစ်ပါ။ ဘာလို့လဲဆိုတော့ လူတွေက သဘာဝဘေးအန္တရာယ်ကို ကြောက်လာကြတယ်။ အဓိကကတော့ ဗေဒင်ဆိုတာ အသေမှတ်ရမှာ မဟုတ်ပါဘူး။ အရှင်မှတ်ရမှာပါ။

Voice : တခြားပြောချင်တာရှိပါသေးလား။

UDG : နာဂစ်ဖြစ်ပြီးနောက်ပိုင်းမှာ နက္ခတ်ဗေဒင် ကို ပြည်သူတွေ စိတ်ဝင်စားတာ ၀မ်းသာပါတယ်။ ဗေဒင်ပညာနဲ့ မစိမ်းတဲ့အတွက် မှားတဲ့လူနဲ့ မှန်တဲ့လူ ခွဲခြားတတ်လာလိမ့်မယ်။ ဗေဒင်ယုံ ကြည်တဲ့အထိ မမှားပါဘူး။ သိပ်အားကိုးရင်တော့ မှားနိုင်တယ်။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။

Voice ဂျာနယ်မှ
၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်ထုတ်
အမှတ်စဉ် (၅/၄၄)

Spread The Love, Share Our Article

Related Posts

No Response to "သဘာဝဘေးကတော့ရှိတယ်။ ကိုယ်နဲ့ဆိုင်မှ ကိုယ်ထိတာပါ"

Add Your Comment