သုတပဒေသာ (၀ိဇ္ဇာ) အဖွဲ့ငယ်သည် ၂၀၀၈-ခုနှစ်အတွက် စာအုပ်ပေါင်း (၂၄၇)အုပ် လက်ခံရရှိခဲ့ ပါသည်။ အဖွဲ့ငယ်အနေဖြင့် အစည်းအဝေး(၅)ကြိမ် ခေါ်ယူညှိနှိုင်း စိစစ်ခဲ့ပါသည်။ စိစစ်ခဲ့သည့် စာအုပ်များအနက် စာရေးဆရာ “ဒေါက်တာဒဂုန်(Ph.D) (Astro)(Kol.)” ရေးသားပြုစုသည့် “ရာဇ၀င်ထဲမှာ ပုဏ္ဏား” စာအုပ်ကို ဆုချီးမြှင့်ရန် ရွေးချယ်ခဲ့ ကြပါသည်။
“ရာဇ၀င်ထဲမှာ ပုဏ္ဏား” စာအုပ်တွင် ရှေးမြန်မာ မင်းများ လက်ထက်ကတည်းက မြန်မာ့ယဉ်ကျေးမှု နယ်ပယ်တွင် ထင်ရှားခဲ့သည့် ပုဏ္ဏားမျိုးနွယ်ကို သုတေသနရှုထောင့်၊ လူမှုရေးရှုထောင့်၊ သမိုင်းရှုထောင့် တို့မှ လေ့လာစုစည်း တင်ပြထားသည်။ သာသနာဝင် ကျမ်းများတွင်လည်းကောင်း၊ မဟာရာဇ၀င်သမိုင်းဆိုင်ရာ ကျမ်းများတွင် လည်းကောင်း လေ့လာသိရှိနိုင်သော်လည်း ပုဏ္ဏားမျိုးနွယ်နှင့် စပ်လျဉ်း၍ ကျမ်းတစ်စောင်ပေတစ်ဖွဲ့ အခိုင်အမာပြနိုင်ခြင်းမရှိခဲ့ပေ။ “ပုဏ္ဏားလွယ်အိတ် ရသမျှသိပ်” ဟူသောဆိုစကားကို ရှင်းလင်းထားပြီး ပုဏ္ဏားတို့သည် မင်းအလိုလိုက် အကြိုက်ဆောင်၍ မြှောက်ပင့်ခစားသောသူ မဟုတ်ကြောင်းကိုလည်း တင်ပြ ထားသည်။ စင်စစ်ဗြဟ္မဏ၀ါဒအတိုင်း ကျင့်ကြံနေထိုင် ကြသူအားလုံးကို “ပုဏ္ဏား”ဟု ခေါ်ဆိုနိုင်ကြောင်း၊ လွန်ခဲ့သောနှစ်ပေါင်းလေးရာခန့်ကတည်းကအတူ တကွ နေထိုင်လာခဲ့ပြီး ယနေ့အထိ မိသားစုမျိုးနွယ်အဖြစ် တည်ရှိနေသူများဖြစ်ကြောင်းအခိုင်အမာတင်ပြထားသည်။ ပုဏ္ဏားတို့သည် ဗြဟ္မဏ၀ါဒအတိုင်း ကျင့်ကြံနေထိုင်ကြပြီး မျိုးရိုးစောင့်ထိန်းကြပုံကိုဖော်ပြထားသည်။ တိုင်းပြည်အပေါ်သစ္စာစောင့်သိခြင်း၊ အုပ်ချုပ်သူ“မင်း”အပေါ်သစ္စာရှိခြင်း၊ အတူနေသူတို့နှင့်အတူ သိက္ခာရှိရှိ ပေါင်းစည်းနေထိုင်တတ်ခြင်းတို့မှာနှစ်သက်ဖွယ်ဖြစ်သည်။ မည်သည့်လူမျိုးမဆို ကောင်းသူရှိသကဲ့သို့ ဆိုးသူလည်းရှိတတ်သဖြင့် ပုဏ္ဏားတွင်လည်း အကောင်းအဆိုးရှိတတ်ပုံကိုသုတေသနရှုထောင့်မှသဘာဝကျကျတင် ပြထားသည်။ ပုဏ္ဏားတို့ မြန်မာပြည်အတွင်း ရောက်ရှိလာပုံ၊ ပုဏ္ဏားတို့၏ဓလေ့၊ ယဉ်ကျေးမှု၊ ဘာသာဓလေ့ထုံးစံနှင့် လူနေမှုစရိုက်တို့ကို ခိုင်မာတိကျသော ကျမ်းကိုးအထောက်အထားများဖြင့် ဖော်ပြသည်။ မြန်မာ၊ အင်္ဂလိပ် ကိုးကားမှီငြိမ်းသည့်ကျမ်းတို့မှာ အခိုင်အမာတင်ပြနိုင်သည်။ မြန်မာစာပေသမိုင်းတွင်လိုအပ်သည့်ဟာကွက်ကို ဖြည့်စွက်ပေးနိုင်သည့် ကျမ်းတစ်ဆူဖြစ်သဖြင့် “ရာဇ၀င်ထဲမှာ ပုဏ္ဏား” စာအုပ်ကို အမျိုးသားစာပေဆု၊ သုတပဒေသာ (၀ိဇ္ဇာ)အတွက် ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။
No Response to "သုတပဒေသာ (၀ိဇ္ဇာ) အဖွဲ့ငယ်၏ မှတ်ချက်"
Add Your Comment